ပါကစ္စတန်နိုင်ငံမှာ ညအချိန် အိမ်မှာမွေးထားတဲ့ ခြင်္သေ့ကို ကားပေါ်တင်ဆောင်ပြီး မောင်းနှင်ခဲ့သူ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဂျာဗက်ဒ်နဲ့ ၎င်း မွေးမြူထားသည့် ခြင်္သေ့အမ


ပါကစ္စတန်မှာ ကျား၊ ခြင်္သေ့၊ ကျားသစ်ကဲ့သို့ တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်းဟာ အထူးအဆန်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အဆိုပါ တောရိုင်းတိရစ္ဆာန်တွေကို ကိုယ်ပိုင်တိရစ္ဆာန်ရုံများ ဖန်တီးပြီး အိမ်မှာမွေးမြူထားလေ့ရှိပါတယ်။ တစ်ခါတရံ အဆိုပါ တိရစ္ဆာန်တွေကို လူမြင်ကွင်းမှာ စည်တန်းလှည့်လည်ပြသမှုတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။


ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုအတွင်း လေ့ကျင်သင်ကြားပေးထားတဲ့ ခြင်္သေ့တစ်ကောင်ကို ပစ်ကပ်ကားအနောက်ဘက်မှာ ကြိုးဖြင့်ချည်နှေင်လျက်သား လိုက်ပါလာတာ တွေ့ခဲ့ရပါတယ်။ ကားပေါ်မှာ တင်ဆောင်သွားတဲ့ ခြင်္သေ့ကို ကရာချိမြို့ခံတွေက စူစမ်းကြည့်ရှုခဲ့ကြပါတယ်။

ပစ်ကပ်ကားအနောက်ဘက်မှာ ခြသေ့င်္လိုက်ပါသွားသည့် ဗီဒီယိုမှ ပုံရိပ်


ရဲတပ်ဖွဲ့က ခြင်္သေ့ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် ဂျာဗက်ဒ်ကို ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၄ ရက်) က ဖမ်းဆီးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

အဖမ်းခံခဲ့ရတဲ့ ခြင်္သေ့ပိုင်ရှင် ဂျာဗက်ဒ်ဟာ ကိုယ်ပိုင်တိရစ္ဆာန်ရုံ လိုင်စင်ရထားသူဖြစ်ပြီး ခြင်္သေ့တွေကို မွေးမြူထားသူဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့အရာရှိက ဆိုပါတယ်။

သို့သော် တောရိုင်းတိရစ္ဆာန်တွေကို မြို့ထဲလမ်းမတွေပေါ်မှာ သယ်ဆောင်သွားလာရန် ခွင့်မပြုထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့အရာရှိက ရှင်းပြပါတယ်။ ဒါ့အပြင် ဂျာဗက်ဒ်ရဲ့ ကိုယ်ပိုင်တိရစ္ဆာန်ရုံလိုင်စင်ဟာ သက်တမ်းကုန်နေပြီလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂျာဗက်ဒ်ရဲ့ ခြင်္သေ့ကို ရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် နေအိမ်ပြန်ပို့ခဲ့ပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဌာနကို ယခုဖြစ်ရပ်အတွက် အရေးယူမှုပြုလုပ်ရန် သဘောထားမှတ်ချက် တောင်းခံထားကြောင်း သိရပါတယ်။ ဂျာဗက်ဒ်က ၎င်းရဲ့ခြင်္သေ့ကို တိရစ္ဆာန်ကုဆရာဝန်ထံ သွားရောက်ပြသပြီး နေအိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။