နေပြည်တော်၊ အောက်တိုဘာ ၃၀

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ညဦးပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လူ(၄)ဦးမှ မောင်းနှင်လာသောယာဉ်များအား ခဲဖြင့်ပစ်ပေါက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းသို့ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈/၃-၄)ကြားတွင် လူ(၄)ဦးမှ ခဲဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ခရီးသွား ပြည်သူများ၏ ယာဉ်များပျက်စီးခဲ့ကြောင်း မြို့ရိုးတောင်ရဲကင်းစခန်းမှ ဆက်သွယ်အကြောင်းကြား ချက်အရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

အခင်းဖြစ်နေရာ၌ မသင်္ကာဖွယ်လူငယ်(၄)ဦးအား တွေ့ရှိရသဖြင့် ဖမ်းဆီးစဉ် မြေနီကွင်းကျေးရွာနေသူများဖြစ်သည့် ထွန်းထွန်းအောင်(၂၅)နှစ်နှင့် ထင်လင်းအောင်(၂၂)နှစ်တို့(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကုလား(၂၀)နှစ်နှင့် ချစ်ကို(၁၉)နှစ်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

စစ်ဆေး ချက်အရ ၎င်းတို့(၄)ဦးသည် အရက်မူးပြီး မောင်းနှင်လာသောယာဉ်များအား ခဲဖြင့်ပစ်ပေါက်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ထွန်းထွန်းအောင် ပါ(၄)ဦးတို့အား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ(၂)ဦးအား ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ministry of Home Affairs, Myanmar