တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ခံရသည့် တနိုင်းဒေသမှ အမျိုးသမီး ငါးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ မှတ်တမ်းအရ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းတွင် မိုးမောက်မြို့နယ် စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လူကုန်ကူးမှု မသင်္ကာဖွယ် အမျိုးသမီး ငါးဦးအား တွေ့ရှိ စစ်ဆေးရာ တနိုင်းဒေသမှ အမျိုးသမီး တစ်ဦးသည် ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် Wechat မှတစ်ဆင့် မတိန့်ဇယ်နှင့် ဆယ်သွယ်မိခဲ့ကြောင်း၊ လွယ်ဂျယ်မြို့တွင် တစ်လ ငါးသိန်းရမည်ဖြစ်ကြောင်း၊ တနိုင်းဒေသမှ အမျိုးသမီးငယ်မှာ မိမိမှာ အလုပ် မရှိသဖြင့် စက်တင်ဘာလပိုင်းတွင် ဗန်းမော်မြို့သို့ သွားရောက်ကာ မတိန့်ဇယ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ တစ်ယောက်တည်းလားဟု မေးကာ တစ်ယောက်တည်း ဖြစ်ပါက အိမ်ပြန်ကာ အဖော်တွေပါ ခေါ်လာခဲ့ပြီး ပြန်လာခဲ့” ဆိုသဖြင့် တနိုင်းသို့ ပြန်လာခဲ့ကြောင်း၊ အိမ်တွင် ၀မ်းကွဲအစ်မဖြစ်သူ မနန်းမြင့်စိန်နှင့် တိုင်ပင်ခဲ့ကြောင်း၊ Wechat အဆက်အသွယ်မှတစ်ဆင့် ဆယ်သွယ်ကာ မိုးကောင်းဘဏ်သို့ ကျပ်တစ်သိန်း ခွဲလွှဲပေးခဲ့ကြောင်း၊ အစ်မဖြစ်သူ နန်းမြင့်စိန် ခရီးလွန်နေသဖြင့် စောင့်ဆိုင်းနေစဉ် လွှဲငွေတစ်သိန်းခွဲမှာ ကုန်သွားကြောင်း၊ မနန်းမြင့်စိန် ခရီးလွန်နေစဉ် အမျိုးသမီးသုံးဦးလည်း လိုက်ချင်ကြောင်းပြောသဖြင့် Wechat မှ တစ်ဆင့် မတိန့်ဇယ်ထံ ငါးဦး လာမည်ဖြစ်ပြီး ငွေကုန်သွားကြောင်း အကြောင်းကြားခဲ့ကြောင်း၊ ရှိသမျှ ပေါင်နှံကာ လာရောက်စေလိုကြောင်း ပြောသဖြင့် ရွှေကို ငွေတစ်သိန်းခွဲဖြင့် ပေါင်နှံကာ တနိုင်းမှ မြစ်ကြီးနား၊ မြစ်ကြီးနားမှ ဗန်းမော်သို့ သွားရောက်ခဲ့ကြောင်း ဗန်းမော်တွင် မတိန့်ဇယ်မတိန့်မျော်တို့ နှစ်ဦး စောင့်ဆိုင်းနေကြောင်း၊ တည်းခိုးခန်းပို့ပြီးနောက် ညနေပိုင်းတွင် အလုပ်အကိုင် ရှာဖွေပေးရတာ မလွယ်ကူကြောင်း၊ ယောက်ျားယူပါက ငယ်သူမှာ သိန်း ၂၀ ရမည်ဖြစ်ပြီး အသက်ကြီးသူ လေးဦးမှာ ၁၀ သိန်းစီရမည်ဖြစ်ကြောင်း၊ အပြင်ရောက်မှ ပြောမည်ဖြစ်ပြီး နောက်ရက်တွင် လွယ်ဂျယ်သို့လိုက်ရန် ကားခေါ်ခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးမှာ တခြားကားဖြင့် လိုက်ခဲ့ပြီး လွယ်ဂျယ်မြို့တွင် ပြန်ဆုံရန် ချိန်းဆိုခဲ့ကြောင်း၊ တာဝန်ရှိသူများ စစ်မေးပါက လွယ်ဂျယ်တွင် အလုပ်လုပ်ရန်ဟု ဖြေကြားရန် သင်ပေးထားကြောင်း၊ စိန်လုံစစ်ဆေးရေးဂိတ်တွင် စစ်မေးခံရသဖြင့် လွယ်ဂျယ်လူကုန်တားရုံးသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

  • writer:ထွန်းလင်းအောင် (မြစ်ကြီးနား)