တိုကျို။အောက်တိုဘာ ၃၁။

အမျိုးသမီး ရုပ်အလောင်း ရှစ်လောင်း၊ အမျိုးသား ရုပ်အလောင်း တစ်လောင်း၊ ပေါင်း ရုပ်အလောင်း ကိုးလောင်းကို ဂျပန်နိုင်ငံ တိုကျိုမြို့အနီး zama အရပ်မှာနေထိုင်တဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့နေအိမ်ခြံဝင်းအတွင်းမှာ ယနေ့ (အောက်တိုဘာလ ၃၁ ရက်) က တွေ့ရှိခဲ့တာကြောင့် အဆိုပါ အသက် ၂၇ နှစ်အရွယ် အိမ်ရှင်အမျိုးသားကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

ရုပ်အလောင်း ကိုးလောင်းထဲက နှစ်လောင်းဟာ ခေါင်းဖြတ် အသတ်ခံထားရတာဖြစ်ပါတယ်။

ဒီရုပ်အလောင်းတွေကို နေအိမ် အပြင်ဘက် ကုန်သေတ္တာထားတဲ့ အအေးခန်းထဲမှာတွေ့ရှိခဲ့တာပါ။

ဒီလူကိုးဦးကို သူသတ်ခဲ့တာဖြစ်တယ်လို့ အသက် ၂၇ နှစ် အရွယ် အိမ်ရှင်အမျိုးသားက ၀န်ခံကြောင်း ရဲတပ်ဖွဲ့ပြောပါတယ်။

“ ဟုတ်ပါတယ်။ ကျွန်တော်သူတို့ကိုသတ်ခဲ့တာပါ။ သတ်ပြီး သဲလွန်စ မကျန်အောင် အလောင်းတွေကို ဖျောက်ခဲ့တာပါ။ ဒီအလောင်းတွေ ပေါ်မှာ ကျွန်တော် အလုပ်တွေ လုပ်နေခဲ့ပါတယ် “ လို့ ၄င်းကပြောပါတယ်။

အသတ် ခံရသူ ကိုး ဦးထဲက အသက် ၂၃ နှစ် အရွယ် အမျိုးသမီးဟာ အောက်တိုဘာလ ၂၁ ရက်က နေအိမ်ကနေပျောက်ဆုံးသွားတဲ့သူပါ။ သူက “ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်” လို့ Online မှာရေးခဲ့ပါတယ်။ ဒီလိုရေးပြီး မကြာခင်မှာ ပဲ လူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသားက သူ့ကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လတုန်းက အိမ်ရှင် အမျိုးသား အပြင်ကိုထွက်တော့ သူ့အိမ်ထဲကနေထူးဆန်းတဲ့ အနံ့ အသက်တွေရတယ် လို့ အိမ်နီးချင်းတစ်ဦးကပြောပါတယ်။

Zama အရပ်ဒေသဟာတကယ့်ကို တိတ်ဆိတ်ငြိမ်သက်၊ အေးချမ်းတဲ့နေရာတစ်ခုဖြစ်လို့ အခုလိုလူသေအလောင်းတွေ တွေ့ရတဲ့အတွက် အံ့သြမှင်တက်မိတယ်လို့ လည်းအသက် ၄၁ နှစ် အရွယ် အခြားသော အိမ်နီးချင်း တစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့ အရပ်ဒေသဟာတကယ့်ကို တိတ်ဆိတ်အေးချမ်းတဲ့နေရာပါ။ အနီးနားမှာ နေ့ပိုင်း အချိန်ပြုစုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုလည်းရှိပါတယ်။ အခုလို လူသေအလောင်းတွေတွေ့ရတယ်ဆိုတော့ တကယ့်ကို မယုံနိုင်အောင်ဖြစ်ရပါတယ် “ လို့လည်း ၄င်းကဆိုပါတယ်။

ကိုမျိုး
PHOTO – BBC