ပင်လယ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်တွေအတွင်း တရားဟောဖို့ ပြည်ပကလာရောက်မယ့် အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့ က ကြေညာပါတယ်။

ဒီတရားဟောဆရာနှစ်ဦးဟာ စင်ကာပူနိုင်ငံမှာ ဟောပြောခွင့်ရဖို့ အစောပိုင်းက ခွင့်ပြုချက် တောင်းခံပေမယ့် ပယ်ချခံရပါတယ်။ အပျော်စီးသင်္ဘောတွေပေါ်မှာ နိုဝင်ဘာလကုန်ပိုင်းလောက်ရောက်ရင် တရားဟောဖို့ စီစဉ်တာကို စင်ကာပူ အာဏာပိုင်တွေက သိသွားပြီး ပြည်ဝင်ခွင့် ငြင်းလိုက်တာပါ။

ဒါတင်မက အင်ဒိုနီးရှားမှာ ၂၀၁၁ ကနေ ၂၀၁၆ အတွင်း ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အစ္စလာမ္မစ်ဆိုင်ရာ စာအုပ် လေးအုပ်ဟာ မလိုလားအပ်တဲ့အပြင် အန္တရာယ်ရှိတဲ့ ပို့ချချက်တွေ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စာအုပ်တွေကို မနေ့က ပိတ်ပင်လိုက်ပါတယ်။

ဒီစာအုပ်တွေမှာပါရှိတဲ့ အရာတွေဟာ ယုံကြည်ချက်ချင်း၊ ကိုးကွယ်ရာဘာသာချင်းမတူသူတွေကြား လူမှုရေးအရ ခပ်ခွာခွာဖြစ်နိုင်၊ မယုံမကြည်ဖြစ်နိုင်၊ မုန်းတီးနိုင်တဲ့အပြင် အကြမ်းဖက်မှုတောင် ဖြစ်နိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သုံးသပ်ပါတယ်။

ဒီ စာအုပ်တွေ လက်ဝယ်ပိုင်ဆိုင်တာ၊ ဖြန့်ဝေတာနဲ့ ရဲလက်ကိုအပ်ဖို့ ပျက်ကွက်တာဟာ ဒီနေ့က စလို့ ပြစ်မှုကျူးလွန်ရာရောက်တယ်လို့လည်း ပြောပါတယ်။

RFA Burmese