ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေကို ခိုးယူရောင်းစားဖို့ ကြံစည်မှုနဲ့ မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးရုံးက ရုံးအုပ်၊ စာရေးတွေကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မင်းဘူးရဲစခန်းက သိရပါတယ်။ မင်းဘူးရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နိုင်နိုင်ထွန်းက “ရုံးအုပ်ကြီးက ဒေါ်ခင်ဝင်းမေပါ။ အခုပဲ တရားရုံးချုပ်ရီမန် ယူထားပါတယ်။ ပုဒ်မ ၃၈၀ (ခိုးမှု)၊ ၁၁၄ (ပူးပေါင်းကြံစည်မှု) တို့နဲ့ ဖွင့်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မနေ့ညက ပစ္စည်းတွေကို ရုံးထဲကနေ ကားနဲ့ သယ်ထုတ်လာတုန်း မြင်တွေ့သူက တားဆီးပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ရေဘေးကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ အဝတ်အထည်ထည့်ထားတဲ့ အိတ်ပေါင်း ၂၀ လောက် ပါတယ်လို့ အမှုတရားလို မျက်မြင်ဒေသခံ ကိုနေဝင်းကပြောပါတယ်။
“ညဘက် ၇ နာရီခွဲလောက် ဓာတ်မီးရောင် တဝင်းဝင်းနဲ့ ပစ္စည်းတွေ တင်နေတော့ ပုံမှန်မဟုတ်နိုင်ဘူးဆိုပြီး ရ.ယ.က (ရပ်ကွက်အုပ်ချုပ်ရေး)ရယ်၊ သတင်းထောက် တယောက်ရယ်ကို ခေါ်ပြီး ကားကို တားတယ်။ ဒရိုင်ဘာကတော့ ထွက်ပြေးသွားတယ်။ ရဲတွေရောက်လာတော့ စခန်းကို မောင်းယူပြီး စစ်တယ်။ ကျနော်ကပဲ အမှု ဖွင့်ခဲ့တာပါ”
စစ်ဆေးတဲ့အချိန်မှာ ကားမောင်းသူက ထွက်ပြေးသွားပြီး ကားပိုင်ရှင်၊ ရုံးစာရေး တယောက်တို့ ရှိနေတဲ့အကြောင်းနဲ့ ရုံးအုပ်ကြီးက လုပ်ခိုင်းတာလို့ လုပ်တာလို့ အဲဒီစာရေးက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
လတ်တလော အမှုမှာ ပါဝင်တဲ့ ရုံးအုပ်ကြီး အပါအဝင် ၃ ယောက်ကို ဖမ်းဆီးထားပြီး ကားမောင်းသူကတော့ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။

ပိုင်စိုး