၁၇နှစ်ကြာ ပိတ်ထားခဲ့ရပြီး နှစ် ၁၂၀ ကျော် သက်တမ်းရှိ အစိုးရ စက်မှု၊ လက်မှုသိပ္ပံ အင်းစိန်ဂျီတီအိုင်ကို ဒီနှစ်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ ပထမနှစ်ဝင်ခွင့်အတွက် ကျောင်းသားရာနဲ့ချီပြီး လာရောက်လျှောက်ထားနေတယ်လို့ သိရပါတယ်။


လျှောက်လွှာလက်ခံတဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ ကျောင်းသား ၃၀၀ ခန့် လာရောက် လျှောက်ထားခဲ့တယ်လို့ အဆိုပါကျောင်းကနေ သိရပါတယ်။


ပြန်လည်ဖွင့်လှစ်မယ့် အင်းစိန်ဂျီတီအိုင်မှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှစ်စစ်စွ မ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနဲ့ စက်မှုလုပ်ငန်း အင်ဂျင်နီယာ(အင်းစိန်ဂျီတီအိုင် တစ်ကျောင်းတည်းသာ သင်ကြားမည်) သင်တန်းတွေကို ၃ နှစ်ကြာ သင်ကြားမှာ ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးရင်တော့ ဒီပလိုမာအောင်လက်မှတ် ပေးမှာဖြစ်ကာ လျှောက်လွှာတွေကို နိုဝင်ဘာလ ၁၀ ရက် နောက်ဆုံး သတ်မှတ်ထားတယ်လို့ သိရပါတယ်။


အင်းစိန်ဂျီတီအိုင် ပြန်လည်ဖွင့်လှစ်ရေးနဲ့ အဆင့်မြှင့်တင်ရေးအတွက် အစိုးရက ကျပ် ၃ ဒသမ ၅ ဘီလီယံ သုံးစွဲမှာဖြစ်ကာ ဂျာမနီအစိုးရ က နည်းပညာနဲ့ ငွေကြေး ပူးပေါင်းပါဝင်ကူညီမှာ ဖြစ်ပါတယ်။


အဆိုပါကျောင်းကို ၁၈၉၅ ခုနှစ်က ရန်ကုန်မြို့၊ လသာမြို့နယ် မြို့မကျောင်းလမ်းမှာ Government Engineering School အမည်နဲ့ စတင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၆ ဦး တက်ရောက်ခဲ့ပါတယ်။


Source & Photos : The Voice