မင်းဘူးထွေအုပ်ဂိုဒေါင်အတွင်းက သယ်ထုတ်လာသော ပစ္စည်းများအား တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ − ဦးတင်ရွှေ)Byလင်းသက်နိုင်

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂိုဒေါင် အတွင်းရှိ ပစ္စည်းများကို မရိုး ဖြောင့်သော သဘောဖြင့် သယ် ထုတ်သည်ဟု တိုင်ကြားသဖြင့် မင်းဘူးခရိုင်ထွေအုပ်ဝန်ထမ်းနှစ် ဦးအပါအဝင် လူလေးဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မင်း ဘူးမြို့မရဲစခန်းတာဝန်ကျရဲအရာ ရှိက ပြောသည်။အောက်တိုဘာ ၃၁ ရက်ည က မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂိုဒေါင် ဟောင်းအတွင်းမှ ပီနန်အိတ်များ ဖြင့် ထည့်သိုထားသည့် ပစ္စည်း များကို လိုက်ထရပ်ကားဖြင့် သယ်ဆောင်လာသည်ကို တွေ့သဖြင့် တားဆီးကာ ရဲစခန်းသို့ အကြောင်း ကြားခဲ့ကြောင်း တိုင်ကြားခဲ့ သည့် မင်းဘူးမြို့ခံ ဦးနေဝင်းက ပြောသည်။

‘‘ကျွန်တော် သတင်းရနေ တာ ကြာပါပြီ။ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြောင်း လာတဲ့ ဝန်ထမ်းတစ်ဦးက အရင် သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပွင့်ဖြူမြို့နယ်မှာတုန်းက ရေဘေးလှူ ထားတဲ့ ပစ္စည်းတွေကို သိမ်းထား တယ်ပေါ့နော်။ အဲဒါ အခုထုတ် ရောင်းမယ်ဆိုပြီး သတင်းရလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ခေါ်တယ်၊ ကားကို တားလိုက် တော့ ကားသမားက ထွက်ပြေးသွားတယ်’’ဟု ဦးနေဝင်းက ပြောသည်။

လိုက်ထရပ်ကားပေါ်မှ ပီနန် အိတ်များဖြင့် ထည့်သိုထားသည့် အဝတ်အစားအရွယ်အစားမျိုးစုံ၊ သင်္ကန်းများ၊ ဆန်အိတ်များနှင့် အသုံးအဆောင်ပစ္စည်းအမျိုးအ မည်ပေါင်း ၆၀၀ ခန့် တွေ့ရှိခဲ့ပြီးမင်းဘူးမြို့မ ရဲစခန်းကရာဇသတ် ကြီး ပုဒ်မ ၃၈၀၊ ပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ်ကျော်ငြိမ်းကပြောသည်။

‘‘အဝတ်အစားတွေနဲ့ ဆန် အိတ်တွေက ဘယ်ကဆိုတာ မှတ်ချက်မပေးလိုသေးပါဘူး။ အသေး စိတ်စစ်ဆေးနေတုန်း အဆင့်မို့ ပြောပြလို့မရသေးတာ နားလည် ပေးစေချင်ပါတယ်။ အခုက အမှု ဖွင့်ပြီး ရမန်ယူစစ်ဆေးနေဆဲအ ဆင့်သာ ရှိပါသေးတယ်’’ဟု ဒုရဲ အုပ်ကျော်ငြိမ်းက နိုဝင်ဘာ ၂ ရက်တွင် ပြောသည်။

အမှုဖွင့်ခံထားရသော မင်း ဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးမှာ ၂၀၁၅ က ပွင့်ဖြူမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၇ မှသာ ရာထူးတိုးဖြင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးရုံးသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

၎င်းတို့ကို ပြည်သူပိုင်ပစ္စည်း နှင့်ဆိုင်သော ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခြင်းမရှိဘဲ ခိုးမှုဖြင့်သာ အမှုဖွင့်ခြင်းကို သံသယဖြစ်ကြောင်း ဦးနေဝင်းက ပြောသည်။

မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂိုဒေါင် သည် ဂိုဒေါင်အဟောင်းဖြစ်ပြီး လက်ရှိတွင် ဌာနပစ္စည်းများ သိမ်းဆည်းသိုလှောင်ခြင်း မပြုတော့ ကြောင်း မင်းဘူးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြား သည်။

အမှုဖွင့်ခံထားရသူ ခရိုင်အုပ် ချုပ်ရေးဝန်ထမ်းမှာ အဆိုပါဂို ဒေါင်အနီး ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်သဖြင့် ၎င်းပိုင်ပစ္စည်းများကို ယင်းဂိုဒေါင်တွင် ထားသိုခြင်းဖြစ်နိုင်ကြောင်း မင်းဘူးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ၎င်း၏ယူဆချက်ကို မီဒီယာ များအား ပြောကြားသည်။