ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် နဲ့ ဒီဂရီ ကောလိပ် တွေမှာ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ တွေအပါအဝင် ရာထူး နေရာပေါင်း တသောင်းကျော် လစ်လပ်နေတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာ ပါတယ်။


ဒီနေရာတွေအတွက် မကြာခင်ရာထူးတိုးမြှင့်တာ၊ ပြောင်းရွှေ့တာတွေလုပ်ပြီး ဖြည့်ပေးဖို့ ရှိတယ်လို့ အဆင်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။


ဘာသာရပ် ၄၆ ခုအတွက် သြဂုတ်လ ကုန်အထိ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကနဲ့ လက်ထောက်ကထိကလစ်လပ်နေရာပေါင်း ၁၁၆၄၂ နေရာရှိတယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန က ကြေညာထားတာပါ။


ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ ရာထူးတိုး၊ အပြောင်းအရွှေ့ လုပ်တဲ့အခါ ပွင့်လင်း မြင်သာအောင်လို့ ကြေညာထားတာပါ။ လာမယ့် ၁၀ ရက်နေ့လောက် တက္ကသိုလ် စာမေးပွဲ တွေ ပြီးရင် ပါမောက္ခချုပ် တွေကို ခေါ်ပါမယ်။ အားလုံးနဲ့ လုပ်မှာပါ။” လို့ ပြောပါတယ်။


ပါမောက္ခ နေရာပေါင်း ၁၄၉ နေရာလစ်လပ်နေပြီး အင်္ဂလိပ်စာ မှာ ၃၉ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ တွဲဖက်ပါမောက္ခနေရာတွေကတော့ ၉၈၂ နေရာ လစ်လပ်နေပြီး အင်္ဂလိပ်စာ မှာ ၁၃၆ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။


ကထိကနေရာတွေကတော့ ၁၇၉၂ နေရာလစ်လပ်နေပြီး ကုန်ထုတ် ဓာတုဗေဒ မှာ ၂၆၇ ယောက်၊ လက်ထောက်ကထိက ၈၇၁၉ နေရာ လစ်လပ်နေပြီး ပထဝီဝင် ဘာသာရပ် မှာ ၇၈၉ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

ရာထူးတိုးအတွက် အမှတ်ပေးတွက်ချက်တဲ့ ပုံစံကိုတော့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ရဲ့ ထုတ်ပြန်ချက် http://www.moe.gov.mm/?q=DHE_Pro_Tran_Rules_Rank_2017 မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Credit ;DVB