ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းအချိန်က အမိုနီယမ်နိုက်ထရိတ်အိတ်တွေ ဖမ်းမိခဲ့တယ်လို့ မိုးညှင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ် လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်မြေခံတပ်မှ မန္တလေးကနေ ဖားကန့်ဘက်ကို အောင်မျိုးထွေး မောင်းနှင်ပြီး ဇော်မိုးအောင်တို့ လိုက်ပါလာတဲ့ ၁၀ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စက္ကူဂျပ်ဖာပုံးတွေနဲ့ သိုဝှက်သယ်ဆောင်လာတဲ့ တရားမဝင် အမိုနီယမ် နိုက်ထရိတ်အိတ် ၇၅ အိတ်ကို သိမ်းဆည်းမိခဲ့တာလို့ ဆိုပါတယ်။


သိမ်းဆည်းရမိခဲ့တဲ့ အမိုနီယမ်နိုက်ထရိတ် အိတ်တွေကို မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ နယ်မြေခံတပ်မှာ ခေတ္တသိမ်းဆည်းထားပြီး ယာဉ်မောင်း အောင်မျိုးထွေး နဲ့ ဇော်မိုးအောင်တို့ကို မိုးညှင်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)