နိုဝင်ဘာ ၁၆ – ဘေဂျင်းမြို့၊ ဟိုင်ဒီယန်ခရိုင်က တက္ကသိုလ် ၁၁ ခုမှာ အိပ်ခ်ျအိုင်ဗီပိုးစစ်ဆေးတဲ့ကိရိယာတွေကို အရောင်းစက်တွေနဲ့ ရောင်းချပေးနေပြီး သည်နှစ်ကုန်ပိုင်းလောက်မှာ နောက်ထပ်တက္ကသိုလ်နှစ်ခုမှာလည်း ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်နှစ်ကုန်လောက်မှာ သည်ခရိုင်ရှိ တက္ကသိုလ်အားလုံးမှာ သည်လိုအရောင်းစက်တွေနဲ့ ရောင်းချပေးသွားမယ်လို့ ခရိုင်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကပြောကြားခဲ့ပါတယ်။

လက်ရှိအရောင်းစက်တပ်ဆင်ထားတဲ့ တက္ကသိုလ်တွေဟာ ပီကင်း တက္ကသိုလ်၊ ဆင်းဟွာ တက္ကသိုလ်၊ ရန်မင်း တရုတ် တက္ကသိုလ်၊ ဘေဂျင်းလေကြောင်းနဲ့နက္ခတ်တက္ကသိုလ်၊ ဘေဂျင်း စိုက်ပျိုးရေးတက္ကသိုလ်၊ ဘေဂျင်းကျောင်တန် တက္ကသိုလ်၊ ဘေဂျင်း နည်းပညာတက္ကသိုလ်၊ ဘေဂျင်းနော်မယ်တက္ကသိုလ်၊ ဘေဂျင်း သစ်တောတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ဘေဂျင်း ဘာဝေးတက္ကသိုလ်တို့ဖြစ်ပါတယ်။ဈေးကွက်ထဲမှာ အိပ်ခ်ျအိုင်ဗီပိုးစစ်ပစ္စည်း တစ်ခုကို ၂၉၈ ယွမ် ဝန်းကျင် ပေးဝယ်ရပေမဲ့ ကျောင်းဝင်းထဲမှာ ယွမ် ၃၀ သာရှိပါတယ်။ စစ်ဆေးဖို့အတွက်ဆီးခံခွက်နဲ့ အညွှန်းစာပါတဲ့ သည်ပစ္စည်းကို အချိုရည်ရောင်းစက်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ စက်ကနေ အလိုအလျောက်ဝယ်ယူနိုင်ပြီးနောက်မှာ ပေးထားတဲ့ကုတ်နံပါတ်နဲ့ စစ်ဆေးချက်အဖြေကို ၁၀ ရက် အတွင်း အွန်လိုင်းကနေသိရှိနိုင်မှာဖြစ်ပါတယ်။

စက်တင်ဘာ၂၇ ကနေ နိုဝင်ဘာ ၅ရက် အထိ ဆင်းဟွာတက္ကသိုလ်မှအပ ကျန်တက္ကသိုလ်တွေမှာ အိပ်ခ်ျအိုင်ဗီစစ် ကိရိယာ ၃၇ ခုရောင်းခဲ့ရပြီး စစ်ဆေးဖို့ ပို့ထားပြီးတဲ့ကိရိယာအားလုံးမှာ ပိုးမရှိကြောင်းတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သည်စက်ကို ချောင်ယန်းခရိုင်က တရုတ်ဆက်သွယ်ရေးတက္ကသိုလ်မှာလည်း တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဘေဂျင်းပြင်ပက အခြားတက္ကသိုလ်တွေဖြစ်တဲ့ ရှားမန်းတက္ကသိုလ်၊ အနောက်တောင်ရေနံတက္ကသိုလ်နဲ့ ဟာဘင်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေမှာ မကြာသေးခင်နှစ်ပိုင်းတွေအတွင်း တပ်ဆင်ရောင်းချနေပြီး ဖြစ်ပါတယ်။

နှင်းသန့် [Ref: Chinadaily. Nov 15, 2017]